Friday, October 29, 2010

ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၀၁၀ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းအကြောင်းကို ပြည်သူလူထုသို့တင်ပြရှင်းလင်းခြင်း

၁။ ။ ဇိုမီးအမျိုးသားကွန်ဂရက်မှ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်း အကြောင်းရင်း

၂၀၁၀ရွေးကောက်ပွဲသည် ၁၉၆၂ခုနှစ် တွင်လက်နက်အားကိုးဖြင့်အာဏာသိမ်းခဲ့သော
စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲနိုင်ရေးအတွက် ပြဌာန်းထားသည့် ၂၀၀၈ခုနှစ် နာဂစ်
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားဝင်ဖြစ်ရေးအတွက်သာဖြစ်သည်။၂၀၀၈ခုနှစ် နာဂစ်ဖွဲ့စည်ပုံ
တွင်ပါရှိသည့်ပုဒ်မ၁၄၄တွင်ပြဌာန်းထားသည်မှာ“ရွေးကောက်တင်မြောက်ခံရသောပြည်သူ့
လွတ်တော်ကိုယ်စားလှယ်များဖြင့်ပြည်သူ့လွတ်တော်စတင်သည့်အချိန်တွင်၂၀၀၈
ဖွဲ့စည်းပုံသည်စတင်အာဏာတည်သည်”ဟုပြဌာန်းထားပါသည်။ ဒါ့ကြောင့် ၂၀၀၈ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ၂၀၁၀ရွေးကောက်ပွဲကို
သပိတ်မှောက်ရခြင်း ဖြစ်ပါသည်။
ထို့ပြင် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင်
ပြည်သူလူထုမှ ရွေးချယ်တင်မြောက်သော လွတ်တော်ကိုယ်စားလှယ်များမှ
ရေးဆွဲခြင်းမဟုက်ပဲ စစ်အာဏာရှင်တို့၏လက်ညိုးထောင် ခေါင်းညိတ် လက်ဝေခံများမှ
ရေးဆွဲခဲ့ခြင်းနှင့် စစ်မှန်သော ပြည်သူလူထု၏သဘောတူညီမှု မရှိပဲနှင့် လိမ်လည်လှည့်ဖြား၍
အတည်ပြုခဲ့သည့် အခြေခံဥပဒေ ဖြစ်ခြင်းကြောင့် ၊ ၄င်း ၂၀၀၈ခုနှစ် အခြေခံဥပဒေကို
အတည်ပြုပေးမည့် ၂၀၁၀ရွေးကောက်ပွဲကို ဇိုမီးအမျိုးသားကွန်ဂရက်မှ သပိတ်မှောက်ရခြင်း
ဖြစ်ပါသည်။
ထို့ပြင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံတွင် စစ်တပ်မှ တရားဝင်အာဏာသိမ်းနိုင်ရန်အတွက်
ပြဌာန်းထားသဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သည့်အတွက် ဇိုမီးအမျိုးသားကွန်ဂရက်မှ
၂၀၁၀ရွေးကောက်ပွဲကိုသပိတ်မှောက်ရခြင်းလည်းဖြစ်ပါသည်။၂၀၀၈ဖွဲ့စည်းပုံတွင်ပြဌာန်းချက်
နှင့်အညီ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့် လွတ်တော်ကိုယ်စားလှယ်
၇၅% ကျော်၏ သဘောတူညီမှု ရရှိရေးသည် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ခြင်း
မဟုက်သော စစ်တပ် ကိုယ်စားလှယ် ၂၅%၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
လွတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ လွတ်တော်
ကိုယ်စားလှယ် များကြောင့် ၂၀၀၈ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်နိုင်ရေး အတွက်
လိုအပ်သည့် လွတ်တော် ကိုယ်စားလှယ် ၇၅% ကျော်၏ သဘောတူညီမှု ပြည့်မှီရန်
လက်တွေ့တွင် ဖြစ်နိုင်ချေမရှိပါ၊
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လွတ်တော်ထဲမှတဆင့် ပြင်ဆင်နိုင်ရန် အတွက်
မဖြစ်နိုင်သောကြောင့် ဇိုမီးအမျိုးသားကွန်ဂရက်သည် ၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင်
အယုံကြည်မရှိပါ။ ထို့အပြင် ၂၀၁၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပါက
၂၀၀၈ဖွဲ့စည်းပုံကို အသိအမှတ်ပြုခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ္စာစောင့်သိခြင်း
ပြုရမည်ဟု ကတိပြုရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဥပဒေ တွင် ပြဌာန်းထားခြင်းကြောင့်
ဇိုမီးအမျိုးသားကွန်ဂရက်၏ မူဝါဒများနှင့်မကိုက်ညီသဖြင့် သပိတ်မှောက်ရခြင်းဖြစ်ပါသည်။

၂။ ဇိုမီးအမျိုးသားကွန်ဂရက်မှ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်သော်လည်း
နိုင်ငံတော်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လုပ်ကိုင်နိုင်သည်

၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ရခြင်းကြောင့် ဇိုမီးအမျိုးသားကွန်ဂရက်၏
နိုင်ငံရေးလုပ်ငန်းများ ပျောက်ဆုံးခြင်းမရှိသည်အပြင် ပို၍ တက်ကြွသော၊ လေးနက်သော၊
နက်ရှိုင်းသော၊ ထိရောက်သော၊ နည်းနာများဖြင့် ပင်လုံစိတ်ဓါက်မြင့်တင်ရေး၊ ဒီမိုကရေစီရေး၊
လွတ်လပ်သည့်စီးပွားရေးစနစ်နှင့် စစ်မှန်သောဇိုမီးအမျိုးးသား အမည်နာမဝိသေသလက္ခဏာ
အသိအမှတ်ပြုခံရရေး စသည့်ပန်းးတိုင်သို့မရောက်မခြင်း ပြောင်းလဲခြင်းမရှိသော မွေးရာပါ
လွတ်လပ်သည့်ဇိုမီးစိတ်ဓါတ်၊ အမြဲ ရှင်သန်နေသော ဖြူစင်သည့် ဇိုမီးနှလုံးသားနှင့်
အသက်နှင့် ထပ်တူ သစ္စာ စောင့်ထိန်းသည့် ဇိုမီးတို့၏ အောက်ချင်းငှက် သစ္စာတရားတို့ဖြင့်
မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။

အို…. ညီအကိုတို့

အထက်ပါပန်းတိုင်သို့ရောက်ရှိရေးသည် ဇိုမီးအမျိုးသားကွန်ဂရက်တစ်ခုတည်း၏
တာဝန်မဟုက်ပဲ၊ တမျိုးသားလုံးသွေးစည်းညီညွတ်စွာဖြင့်လက်တွဲဆောင်ရက်ွရမည်
ဖြစ်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး လက်တွဲဆောင်ရွက်နိုင်ရန် အတွက်၂၀၀၉ ခုနှစ်
ပါတီနှစ်ပတ်လည်မှစတင်၍ အကြိမ်ကြိမ် အသိပေးဖိတ်ခေါ်ခဲ့သည်မှာ ယနေ့ထက်တိုင်
ဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှ ပြဌာန်းခဲ့သည့် ဥပဒေများသည်လည်း တရားမျှတမှု
မရှိသည့်အပြင် ကလေးကလား ဆန်လောက်အောင် ရီစရာကောင်းလှသဖြင့် ရွေးကောက်
ပွဲကော်မတီလို့သာ ခေါ်ဆိုရမည်ဟု ငါတို့အပျင်းပြေ ပြောဖြစ်ကြပါသည်။

အို….ညီအကိုတို့

ပညာရှိသော နှလုံးသားဖြင့် ချင့်ချင့်ချိန်ချိန် ဆင်ခြင်စဉ်းစားတွေးခေါ်ကြပါ၊ ရွေးကောက်ပွဲဆို
သည်မှာ ယခု၂၀၁၀ ခုနှစ် တခုတည်းတွင် ကျင်းပမည်မဟုက်ပဲ ကမ္ဘာဆုံးတိုင် ကျင်းပကြမည်
ဖြစ်ပါသည်။ ၂၀၁၀ရွေးကောက်ပွဲတွင် ငါတို့ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ သပိတ်မှောက်
ခြင်းကြောင့် စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ နှမျောတသခြင်း ဖြစ်စရာမလို၊ ဒီမိုကရေစီရေးနှင့်
အမျိုးသားရေးအတွက် ပို၍ ကောင်းမွန်သော၊ သာယာသော၊ လှပသော၊ ငြိမ်းချမ်းသော
နေ့ရက်များကို မဝေးသောကာလတွင် ငါတို့မလွဲဧကန်ပိုင်ဆိုင်ရဖို့သာ ဖြစ်သည်ဟု
ယုံကြည်မှုရှိရပါမည်။ “ဖြစ်ပျက်သမျှ အရာအားလုံးသည် အကောင်းဆုံးအတွက်သာ
ဖြစ်လာသည်ဟု”စကားပုံရှိသည့် အတိုင်း ၂၀၁၀ရွေးကောက်ပွဲအပေါ် သပိတ်မှောက်ခြင်းကို
အကောင်းမြင်စိတ်ဓါတ်ဖြင့် ရှုမြင်ကြပါစို့…………


ပူကျင့်ရှင်းထန်
ဥက္ကဌ
ဇိုမီးအမျိုးသားကွန်ဂရက်
ပြည်သူ့လွတ်တော် ကိုယ်စားလှယ်
အမှတ်(၂)၊ မဲဆန္ဒနယ်၊ တီးတိန်မြို့
ချင်းပြည်နယ်
ပြည်ထောင်စုမြန်မာနိုင်ငံ

0 comments:

Post a Comment