Tuesday, November 2, 2010

မြန်မာပြည်က ဦးခေါင်းနှစ်လုံးနဲ့နွား အတိတ်နိမိတ်များ ကောင်းမှာလား ဆိုးမှာလား?



မကွေးမြို့နယ် မကွေးမြို့ရဲ့ အရှေ့ဘက်(၃)မိုင်ကွာ ဆားတိုင်ကန်ရွာမှာ (၁၇-၁၀-၂၀၁၀) တနင်္ဂနွေနေ့၊ ည၇နာရီ၁၅ မိနစ်အချိန် (မိထူး)ဆိုသော ဦးခေါင်း နှစ်လုံးပါတဲ့ ဒီနွားမလေးကို မွေးဖွားပါတယ်။
ပိုင်ရှင်အမည်တွေကတော့ ဦးကက်စိန်၊ ဒေါ်အမာတင်တို့ဖြစ်ပါတယ်။ နွားမကြီးက ဖရီရှန် နို့စားအမျိုးအစား
နွာမကြီးပါ။ သူ့ကို မေထွန်း လို့နာမည်ပေးထားပါတယ်။ ယခုနွားကလေးနဲ့ဆိုရင်
(၃)သား (၃)ခါ မွေးဖွားပြီးခဲ့ကြောင်း သိရပါတယ်။

နွားငယ်ကလေး ဦးခေါင်းနှစ်လုံးခွဲထွက်ရာ အလယ်တည့်တည့်မှာ မျက်စေ့တစ်လုံးသာ
တွေ့ရပါတယ်။ ဦးခေါင်းနှစ်လုံးရဲ့ ၀ဲ၊ယာဘက်တွေမှာ ကြည်လင်ထောက်ပနေတဲ့
မျက်လုံးနှစ်လုံး၊ ပါးစပ်။နားရွက်၊ နှာခေါင်းတွေ အစုံအလင်ပါ ပါတယ်။

ခလယ်(အတွင်းဘက်)က မျက်လုံးသာ တစ်လုံးထဲပါနေပါတယ်။ ဦးခေါင်းကြီးက
နှစ်လုံးဆိုတော့ ခေါင်းကို ကောင်းကောင်းမထူနိုင်ပါဘူး။ နို့စို့တဲ့အခါ
တစ်ဘက်ခေါင်းက နို့စို့နေရင် အခြားတစ်ဘက်ခေါင်းကလဲ လုပြီးနို့စို့နေပါတယ်။

ဒါကြောင့် နွားမကြီးဆီက နို့ကို ညစ်ယူပြီး နို့ဗူးနဲ့ ခေါင်းတစ်ဘက်ဆီကို
သူ့သခင်မက လှည့်တိုက်ပေးနေတာကို မြင်တွေ့ခဲ့ပါတယ်။ နွားလေးရဲ့ အမြင့်ဟာ
နှစ်ပေခွဲဖြစ်ပြီး အရှည်ကတော့ သုံးပေခွဲကျော်ကျော် ရှိကြောင်းသိရပါတယ်။
ယနေ့အထိ ကျန်းကျန်းမာမာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ အထူးအဆန်းဆိုတော့ မိုးထဲ
လေထဲမှာကိုး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ အနယ်နယ် အရပ်ရပ်က
လာရောက်ကြည့်ရှုနေကြပါတယ်။

မြန်မာပြည်က ဘုရားတွေ တစ်ချို့မှာ( မနုသီဟ ဖင်နှစ်ခွ)ရုပ်တွေ၊ ပုံတွေကို
မြင်တွေ့ကြရပါတယ်..။ ယခုတော့ (နွားမဥသဖ ဦးခေါင်းနှစ်ခွ) နဲ့
ထူးထူးဆန်းဆန်း မြင်တွေ့နေရပါပြီ..။ လာရောက်ကြည့်သူတွေကတော့ နွားလောကမှာ
ဦးခေါင်းနှစ်လုံးနဲ့နွား ဘီးလူးလောကမှာ ဒသဂီရိ( ခေါင်းဆယ်လုံးနဲ့)
ပေါ်လာကြတယ်..။ ကျုပ်တို့ လူ့လောကမှာတော့ ခေါင်းအမျိုးမျိုးနဲ့
ပြောင်းပြောင်းပြီး လာလိုက်ကြတာ မနည်းတော့ပါဘူး..။

သူတို့ကလဲ ဆင်ဖြူခြောက်ကောင်နဲ့ မင်္ဂလာအယူတော်ခံသလို..၊ ကျုပ်တို့ကလည်း ဒီ( နွားမဥသဖ
ဦးခေါင်းနှစ်ခွ)လေး ထူးထူးခြားခြား ပေါ်လာတာကို မင်္ဂလာ ယူရမှာဘဲဗျို့။ အင်း
ဒါ မြန်မာပြည်အတွက်တော့ အတိတ်နိမိတ်ကောင်းမှာလား?။ ဆိုးမှာလား?
ဆိုတာကိုတော့ စောင့်မျှော်လို့သာ ကြည့်ကြပေရဦးမည်ဟု.. တီးတိုး..
တီးတိုး..သဖန်းပိုးထိုးပြီး ပြောဆိုနေကြသော အသံများကို
ကြားသိခဲ့ရပါတယ်ခင်ဗျား..။

မှတ်ချက်။ ။ မည်သည့်ဂျာနယ်များမှ ဖော်ပြခြင်းမရှိသေးပါ။ မြန်မာပြည်၏ အတိတ် နိမိတ်များ အား ဤ သတင်းကို အခြေခံ၍ ပညာရှင်များ၊ စာဖတ်သူများ ဝေဖန် ဆွေးနွေး ပေးတော်မူကြစေလိုပါသည်။

0 comments:

Post a Comment